သွေးမတိတ်ရောဂါ ဆိုသည်မှာ
တစ်ခုခုနဲ့ ထိခိုက်မိလို့ သွေးထွက်တယ်…. ပြီးနောက် သွေးပြန်ခဲပြီး သွေးတိတ်တယ်ဆိုတာ…. ခန္ဓာကိုယ်က ပုံမှန်လုပ်ဆောင်ပေးနေတဲ့ ဖြစ်စဉ်တစ်ခုပါပဲ။
ဒါပေမယ့် တချို့လူတွေမှာတော့ သွေးထွက်ပြီးရင် အလွယ်တကူ ပြန်မတိတ်တော့ပဲ ဆက်တိုက် သွေးထွက်နေတာမျိုး ရှိပါတယ်။ ဒါကို Haemophilia သွေးမတိတ်ရောဂါလို့ ခေါ်တာ ဖြစ်ပါတယ်။
သွေးမတိတ်ရောဂါဟာ မျိုးရိုးဗီဇပြောင်းလဲမှုကြောင့် အဓိက ခံစားရတာ ဖြစ်ပါတယ်။
- တချို့မှာ မွေးရာပါ သွေးမခဲနိုင်တဲ့ ချို့ယွင်းချက်တွေ ရှိနေနိုင်သလို
- တခါတရံမှာ လူရွယ်နဲ့ လူကြီးအရွယ် ရောက်မှပဲ သွေးမတိတ်ရောဂါ ခံစားရတာ၊
- ကိုယ်ဝန်ဆောင်ချိန်မှာ သွေးမတိတ်တာတွေလဲ ရှိတတ်ပါတယ်။
ဒီလို အခြေအနေမျိုးဟာ တချိန်ချိန်မှာ ပြန်ကောင်းသွားတာလဲ ရှိတတ်ပါတယ်။ အထူးသဖြင့် ယောကျာ်းလေးတွေမှာ ပိုခံစားရနိုင်ပါတယ်။
သွေးမတိတ်ရောဂါကြောင့်
- ဒူးဆစ်၊ တံတောင်စတဲ့ အဆစ်တွေမှာ နာကျင်တာ
- ဒူးဆစ်၊ တံတောင်စတဲ့ အဆစ်တွေမှာ ရောဂါဖြစ်တာ၊
- အရေပြားမှာ အညိုအမဲစွဲတာ၊
- ပါးစပ်နဲ့ သွားဖုံးသွေးယိုတာ၊
- ဆေးထိုးပြီးနောက် သွေးမတိတ်တာ၊
- ခွဲစိတ်ကုသပြီးနောက် သွေးထွက်လွန်တာ၊
- ဆီးဝမ်းသွေးပါတာနဲ့
- နှာခေါင်းသွေးလျှံတာ စတဲ့ လက္ခဏာတွေ ကြုံတွေ့ရပါတယ်။
တခါတရံမှာ ဦးနှောက်သွေးယိုခြင်းနဲ့ နောက်ဆက်တွဲပြဿနာတွေ ကြုံရတာ၊ သွေးဆုံးရှုံးမှုများပြီး အသက်အန္တရာယ်ရှိတာအထိဖြစ်နိုင်လို့ လုံးဝမပေါ့ဆသင့်ပါဘူး။
တကယ်လို့ သွေးမတိတ်ရောဂါ ရှိနေတယ်ဆိုရင် ဘယ်လိုကုသရမလဲ?
သွေးမတိတ်ရောဂါဟာ မျိုးရိုးဗီဇပြဿနာတစ်ခုဖြစ်လို့ လုံးဝပျောက်ကင်းအောင် ကုသဖို့ မလွယ်ပါဘူး။ သွေးခဲဖို့ ကူညီပေးနိုင်တဲ့ Clotting Factor (သွေးတိတ်ဆေး) တွေကို ပြင်ပကနေ ပေးရတာရှိနိုင်သလို ဒါဟာ သွေးမတိတ်တဲ့ အခြေအနေတွေကို သိသိသာသာ သက်သာစေဖို့ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။
အထူးသဖြင့် မျိုးရိုးထဲမှာ သွေးမတိတ်ရောဂါရှိတယ်…. ကိုယ့်ဆီမှာလဲ သွေးမတိတ်ရောဂါရဲ့ လက္ခဏာတွေ ရှိနေတယ်ဆိုရင် ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ သွေးမတိတ်ရောဂါ ရှိမရှိကို သေချာစစ်ဆေးဖို့ လိုမှာ ဖြစ်ပြီး ဆောင်ရန် ရှောင်ရန် အချက်တွေကို သတိထားပေးမယ်ဆိုရင် သွေးမတိတ်ရောဂါရဲ့ နောက်ဆက်တွဲပြဿနာတွေကို ကာကွယ်နိုင်မှာ ဖြစ်ကြောင်း မျှဝေလိုက်ရပါတယ်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)